The Central Bank of Myanmar authorizes commercial banks to conduct bilateral interbank foreign exchange transactions, specifically FX Forward and FX SWAP, to enhance market liquidity and currency flexibility. Banks must execute these transactions under mutually agreed terms covering permissible currencies (USD, EUR, JPY), maximum one-year tenors, actual delivery mechanisms, and standardized valuation dates. Daily reporting via CBM-NET is mandatory by 17:00, and institutions must maintain their net open positions within ±30 percent of core capital while adhering to international contracting standards.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ရက်စွဲ။ ၂၀၁၆ ခုနှစ်၊ ဧပြီလ ( ၈ ) ရက်
ညွှန်ကြားချက်အမှတ် ( ၃ /၂၀၁၆ )
အကြောင်းအရာ။ ဘဏ်များအကြား Bilateral Interbank FX Transactions များ ဆောင်ရွက်ခွင့်ပြုခြင်း
ရည်ညွှန်းချက်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၁.၇.၂၀၁၃) ရက်စွဲပါညွှန်ကြားချက်အမှတ်၊ အက်ဖ်အီး-၂/၂၀၁၃-၂၀၁၄
၁။ နိုင်ငံခြားငွေကြေးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘဏ်များတွင် နိုင်ငံခြားငွေ လိုအပ်ချက်နှင့် မြန်မာကျပ်ငွေလိုအပ်ချက်တို့ ဖြစ်ပေါ်လာသည့်အခါတွင် ဈေးကွက်အတွင်း နိုင်ငံခြားငွေနှင့်ကျပ်ငွေ ငွေကြေးလွတ်လပ်မှု ပိုမိုကောင်းမွန်စေရန် ဘဏ်များအကြား Bilateral Interbank FX Transaction များဖြစ်သော FX Forward နှင့် FX SWAP Transaction များကိုဆောင်ရွက်ခွင့်ပြုလိုက်သည်။
၂။ အဆိုပါ Transaction များကို နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ စာချုပ်ချုပ်ဆိုပြီး အောက်ပါသတ် မှတ်ချက်များပါဝင်ရမည်-
(က) ရည်ရွယ်ချက်။ Transaction ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ဖော်ပြရမည်။
(ခ) ဆောင်ရွက်မည့်နိုင်ငံခြားငွေအမျိုးအစား။ မြန်မာငွေဖြင့် လဲလှယ်/ ရောင်းဝယ်မည့် နိုင်ငံခြားငွေအမျိုးအစားကို ဖော်ပြရမည်။ ယခုကနဦးကာလတွင် အမေရိကန်ဒေါ်လာ၊ ယူရိုနှင့်ဂျပန်ယန်းငွေအမျိုးအစားကို ခွင့်ပြုသည်။
(ဂ) ဆောင်ရွက်မည့်ကာလ။ FX Forward နှင့် FX SWAP (Far Leg) Transaction များအတွက် ဆောင်ရွက်နိုင်သည့်ကာလမှာ အများဆုံး (၁) နှစ်ဖြစ်သည်။
(ဃ) ဆောင်ရွက်မည့်ပမာဏ။ ဘဏ်အချင်းချင်း အပြန်အလှန်သဘောတူညီချက်အရဆောင်ရွက်နိုင်သည်။ FX SWAP များအတွက် Near Leg နှင့် Far Leg နှစ်မျိုးစလုံး၏ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေပမာဏကိုဖော်ပြရမည်။
(င) ငွေလွှဲပြောင်းခြင်း။ အမှန်တကယ်လွှဲပြောင်းသည့် Transaction (Delivered Transaction) များကိုသာဆောင်ရွက်ရမည်။
(စ) ငွေလဲလှယ်နှုန်း။ ဘဏ်အချင်းချင်း အပြန်အလှန်သဘောတူသည့် ငွ ေလဲနှုန်းဖြစ်နိုင်ပြီး FX SWAP အတွက် Near Leg နှင့် Far Leg နှုန်းများကိုပါ ဖော်ပြရမည်။
(ဆ) SWAP Point။ FX SWAP Transaction များအတွက် SWAP Point ကိုဖော်ပြရမည်။ (SWAP Point သည် Spot Rate နှင့် Forward Rate တို့၏ ခြားနားချက်ဖြစ်သည်။)
(ဇ) နေ့ရက်သတ်မှတ်ခြင်း (Day Count)။ Transaction ဆောင်ရွက်ရန်အတွက် နေ့ရက်များ တွက်ချက်သတ်မှတ်ရာတွင် နိုင်ငံတကာငွေကြေးဈေးကွက်များတွင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်။
(ဈ) လွှဲပြောင်းသည့်ရက်များ (Valued Dates)။ FX Spot နှင့် Near leg of FX SWAP တို့အတွက် အရောင်းအဝယ်ဆောင်ရွက်ရန် သဘောတူသည့်နေ့ရက်နှင့် တစ်ဆက်တည်း အလုပ်ဖွင့်ရက်နှစ်ရက် (T+2) တွင် ဆောင်ရွက်ရမည်။ FX Forward အတွက် Value Date မှာ ဘဏ်နှစ်ဘဏ်တို့ သဘောတူညီသည့် Transaction ပြုလုပ်သည့် Date ဖြစ်ရမည်။ FX SWAP (Far leg) အတွက် Value Date မှာ ငွေကြေးအမျိုးအစားနှစ်ခု ပြန်လည်လဲလှယ်ရန် သက်ဆိုင်ရာဘဏ်နှစ်ခု သဘောတူသည့်နေ့ဖြစ်သည်။
၃။ မြန်မာကျပ်ငွေ Transaction များကို CBM-NET ဖြင့် စာရင်းရှင်းဆောင်ရွက်ရမည်။ နိုင်ငံခြားငွေ Transaction များကို CBM-NET မှတစ်ဆင့်သော်လည်းကောင်း၊ နိုင်ငံတကာရှိ အဆက်အသွယ်ဘဏ်များမှတစ်ဆင့်သော်လည်းကောင်း စာရင်းရှင်းဆောင်ရွက်နိုင်သည်။
၄။ နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေလက်ကျန်အခြေအနေ (Net Open Position) ကိုနေ့စဉ်ဈေးကွက်ပိတ်ချိန်တွင် Core Capital ၏ ± 30% မကျော်လွန်စေရန် ထိန်းသိမ်းရမည်။
၅။ FX Forward နှင့် FX SWAP Transaction များအတွက် ပူးတွဲပါ Reporting ပုံစံများအတိုင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနနှင့် ငွေရေးကြေးရေးဈေးကွက်ဌာနတို့သို့ (၁၇:၀၀) နာရီနောက်ဆုံးထားပြီးပေးပို့ရမည်။
၆။ ရည်ညွှန်းပါညွှန်ကြားချက် (အက်ဖ်အီး-၂/၂၀၁၃-၂၀၁၄) တွင် ဖော်ပြထားချက်များသည် ဤညွှန်ကြားချက်နှင့် မဆန့်ကျင်သမျှ လိုက်နာရမည်။
(လက်မှတ်) ၈.၄.၁၆
ဒုတိယဥက္ကဋ္ဌ(ကိုယ်စား) (သန်းသန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်)
ဖြန့်ဝေခ ြင်း ဘဏ်များအားလုံး
မိတ္တူကို ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘဏ္ဍာရေးဝန်ကြီးဌာန